မြင်းခြံ ဇွန် ၂၆
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီ အချိန်က မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့ပြိုင်ပွဲများ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားခဲ့ကာ Book Club အဖွဲ့ဝင် ဦးဌေးစိုးက စာစီစာကုံး၊ ကဗျာပြိုင်ပွဲများအတွက် ဆုရွေးချယ်ပေးရခြင်းအကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများရရှိသော ကျောင်းသား/ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ဝင်းစိန်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူအသီးသီးက ပေးအပ်ချီးမြှင့်ခဲ့သည်။
မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင် အထက (၁)၊ အထက (၂)၊ အထက (၃)၊ အထက (၄)နှင့် အထက-ခွဲ (အလင်းရောင်) ကျောင်းတို့မှ အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးတွင် ကျောင်းသား/ကျောင်းသူ (၄၀) ဦး၊ ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၂၇) ဦး၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ (၁၇) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ကျော်စွာ