ဂွ ဇွန် ၂၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနား အသိပညာပေးဟောပြောခြင်းနှင့် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယနေ့ နေ့လည် ၁၁ နာရီအချိန်က အ.ထ.က(ဂွ)၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇာနည်ကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးခင်မောင်ထွန်းက မူးယစ်ဆေးဝါးသုံးစွဲလာမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်တရားသူကြီး ဦးရဲမောင်မောင်က မူးယစ်ဆေးဝါး သုံးစွဲမှုနှင့်ပတ်သက်၍ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးရှိန်းဇော်က မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အကြောင်းအရာများအားလည်းကောင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းအောင်က မူးယစ်ဆေးဝါး အလွဲသုံးမှုများ အကြောင်းကို Power Point ဖြင့်လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြ ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ရှင်းလင်းတင်ပြချက်များကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဂွမြို့နယ်ရုံးမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများပြသခြင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်းတို့ကို မြို့နယ်ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်