မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါး တိုက် ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊စာအုပ်ပြပွဲ နှင့် နံရံကပ်စာစောင်များပြသ

မြောက်ဦး ဇွန် ၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့ နေ့လည် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ရွှေက မူးယစ်ဆေးဝါး အကြောင်းကို ပြောကြားရာတွင် မူးယစ် ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသည် ကိုယ်ခန္ဓာကို တစ်နည်းနည်းဖြင့် ဘေးအန္တရာယ်ဖြစ်စေခြင်း၊ သုံးစွဲသူသည် ဆေးဝါးအပေါ် စိတ်ရောကိုယ်ပါ စွဲလမ်းမှုဖြစ်စေခြင်း စသောအကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် စာအုပ်ပြပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်း ပြသထားသော သုတ၊ရသ စာအုပ်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြပြီး မူးယစ်ဆေးဝါးနှင့် ပတ်သက်သော နံရံကပ်စာစောင်ဓါတ်ပုံပြပွဲကိုလည်းပြသရာ မူးယစ်ဆေးဝါးများ အကြောင်းကို ကျောင်းသား၊ ကျောင်းသူများက စိတ်အားထက်သန်စွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် မူးယစ်ဆေးဝါးတိုက်ဖျက်နေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး Talk Show ပြုလုပ်ခြင်း၊ အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ဓါတ်ပုံပြပွဲကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မြင့်စိုး