မိုင်းကိုင်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားဒေသထွက်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေး ဆောင်ရွက်

မိုင်းကိုင် ဇွန် ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့် (MSME) အသေးစားဒေသထွက်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးမှု ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၏  လမ်းညွှန်ချက်ဖြင့်  မြို့နယ်အတွင်းစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအစီအမံများနှင့် ဒေသလိုအပ်ချက်များကို ပြန်လည်တင်ပြနိုင်ကြရန်အတွက် ဆွေးနွေးမှုများ ဆောင်ရွက်ရာ မိုင်းကိုင်မြို့နယ်အတွင်း မိုးစပါးရိတ်သိမ်းပြီးနောက် လယ်ကွင်းများတွင် သီးထပ်အဖြစ် ဂျုံ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ဆီထွက်သီးနှံများ ထပ်မံစိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက်ရန်၊ သီးနှံအထွက်တိုးစေရေး မျိုးကောင်း၊ မျိုးသန့်များ ဖြန့်ဝေပေးရန်နှင့် လိုအပ်သည့် စက်ကိရိယာ သွင်းအားစုများကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးနိုင်ရေး တင်ပြဆောင်ရွက်ရန်၊ မွေးမြူရေးကဏ္ဍတွင် အသား၊ ငါး၊ ဥစားကြက်နှင့် အသားစားကြက် တစ်ပိုင်တစ်နိုင် မွေးမြူခြင်းမှ စီးပွားဖြစ် မွေးမြူနိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစုအဖွဲ့များ ဖွဲ့စည်းကာ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးနိုင်ရန်၊ အသား၊ ငါးအပြင် ဆိတ်ကိုပါ တိုးချဲ့မွေးမြူနိုင်ရေး စည်းရုံးဆောင်ရွက်ရန်၊ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ ပန်းနှမ်း ၊ ဆီနေကြာ အထွက်တိုးစေရေး စိုက်နည်းစနစ်နှင့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးရန်၊ လိုအပ်မည့် ဆီကြိတ်စက် သွင်းအားစုများကို မတည်ပေးကာ ဒေသထွက်ကုန်လုပ်ငန်း တိုးတက်အောင် ထောက်ပံ့ဆောင်ရွက်ပေးရန် စသည်ဖြင့် အသေးစိတ် ဆွေးနွေးပြီး လုပ်ငန်းအောင်မြင်ရေး ဆုံးဖြတ်ချက်များ အသီးသီးချမှတ်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဝင်များနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)