မင်္ဂလာဒုံ ဇွန် ၂၆
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝုန်လွန်းညောင်နှင့် မြို့နယ်စာရေးဆရာမများဖြစ်သည့် ဆရာမလမင်းအိမ်(ဥပဒေ)၊ ဆရာမကြည်သာရီတို့က ယနေ့နံနက် ၁၀ နာရီတွင် မင်္ဂလာဒုံမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝုန်လွန်းညောင်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားပြီး ဆရာမလမင်းအိမ်(ဥပဒေ)က မူးယစ်ဆေးဝါးသည် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးတစ်မျိုးဖြစ်ကြောင်း၊ မူးယစ်ဆေးအစ ဆေးလိပ်၊ ကွမ်းယာနှင့် အရက်တို့ဖြစ်ခြင်းကြောင့် ယနေ့လူငယ်များအနေဖြင့် အစလုပ်၍ မသုံးစွဲသင့်ကြောင်း၊ မိမိတို့၏အနာဂတ်ဘဝ၊ လှပတဲ့အိမ်မက်များ တည်ဆောက်နိုင်ရန် မူးယစ်ဆေးကို ရှောင်ရှားနိုင်စေရန် ဟောပြောခဲ့ပြီး ဆရာမကြည်သာရီက သဘာဝပတ်ဝန်းကျင်လှပစေဖို့ လူသားတိုင်တွင်တာဝန်ရှိကြောင်း၊ အမှိုက်များစနစ်တကျစွန့်ပစ်ရေး၊ တစ်ဉီးတစ်ယောက်ချင်းစီမှသည် သစ်ပင်စိုက်ပျိုးကြရန် ရေအသုံးချမှုလျော့ချကြရန် စသဖြင့် အကျယ်တဝင့် ဟောပြောကြသည်။
ထို့နောက် ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုကြသည်။ ထို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက (အခမဲ့)ဖြန့်ဝေသည့် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြတ်သူဇာ (မင်္ဂလာဒုံ )