မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသွားအလာ ကန့်သတ်ထားသည့် နေရာများ၌ နေထိုင်ကြသော အိမ်ထောင်စုများ အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

မန္တလေး အောက်တိုဘာ ၁၁

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကြောင့် အသွားအလာ ကန့်သတ်ထားသည့် နေရာများ၌ နေထိုင်ကြသော အိမ်ထောင်စုများအတွက် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သောပစ္စည်းများကို ယမန်နေ့ ညနေ၅နာရီက အိမ်တိုင်ရာရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အောင်မြေသာစံရပ်ကွက်တွင် အသွားအလာကန့်သတ်ထားသည့် အကွက်(၁၁၃)နှင့် အကွက်(၁၁၆)တို့ရှိ အိမ်ထောင်စု(၁၀၉)စုမှ လူဦးရေ(၃၇၅)ဦးတို့အား တစ်ဦးလျင် ဆန်(၁)ပြည်၊ ဆီ(၁)ပိဿာ၊ ခေါက်ဆွဲခြောက်ထုပ်(၁၅)ထုပ်၊ ကြက်ဥ(၅)လုံး၊ နှာခေါင်းစည်း(Mask) (၃)ခုစီတို့အား ထောက်ပံ့ပေးခြင်းဖြစ်သည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများကို အောင်မြေသာစံမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူးဦးမြို့ဆောင်က ထုတ်ယူခဲ့ပြီး အောင်မြေသာစံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်နှင့် ရာအိမ်မှူးများအား ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက အိမ်တိုင်ရာရောက် ဆက်လက်ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)