လားရှိုးမြို့တွင်း သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းလမ်းအဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်

လားရှိုး ဇွန် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၏ မြို့တော်ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်းသာယာလှပရေး  Clean City ဖြစ်လာစေရေးတို့အတွက် လမ်းညွှန်ချက်များနှင့်အညီ လားရှိုးမြို့နယ် စည်ပင်သာယာဌာနအနေဖြင့် အစဉ်တစိုက် ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

လားရှိုးမြို့ပေါ်တွင် လူသွားလူလာများပြားသည့် လမ်းများဖြစ်သည့် လမ်းမတော်လမ်းမကြီးကို ယာဉ်များ စနစ်တကျရပ်တန့်နိုင်ရေးအတွက် လမ်းသားမြှင့်တင်ခြင်း၊ လမ်းအဆင့်မြှင့်တင်ခြင်း၊ သိန္နီလမ်းမကြီးကို လမ်းလယ်ပန်းခုံများ ပြန်လည်တည်ဆောက်ခြင်း၊ လမ်းမီးတိုင်ခုံများ အသစ်တည်ဆောက်ခြင်း၊ ရေနှုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

လားရှိုးမြို့တွင် ပြည်သူများ အားလပ်ချိန်များတွင် အနားယူအပန်းဖြေနိုင်ရေးအတွက် အများသုံး ကာယလေ့ကျင့်ရေး အားကစားပစ္စည်းများကို လေယာဉ်ကွင်းအနီး၊ ဘူတာလမ်းနှင့် ဗျူဟာလမ်းအနီး၊ ရေကန်တောင်အနီး၊ မြို့ဝမ်လမ်းကုန်းအဆင်း၊ နေခြည်ကိုယ်ပိုင်ကျောင်းအနီးတို့တွင် တပ်ဆင်ပေးထားရာ ပြည်သူများ၊ ခရီးသွားများအနေဖြင့် အားလပ်ချိန်များတွင် အနားယူအပန်းဖြေရင်း ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်လျက်ရှိနေကြကြောင်း  သိရသည်။

စိုင်းထွန်း (လားရှိုး)