ကချင်ပြည်နယ်အတွင်း ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် မေလအထိ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အမှုပေါင်း (၁၀၁၁) ခုအား ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ဘိန်းခင်း (၈၀.၅) ဧကကို ဖျက်ဆီးနိုင်ခဲ့

မြစ်ကြီးနား ဇွန် ၂၆

ကချင်ပြည်နယ်အတွင်း ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် မေလအထိ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အမှုပေါင်း (၁၀၁၁)ခု၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၂၅၃၆၄.၄၈၅ သန်းကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ဘိန်းစိုက်ပျိုးမှု(ဘိန်းခင်း) ၈၀.၅ ဧကကို ဖျက်ဆီးနိုင်ခဲ့ကြောင်း မြစ်ကြီးနားမြို့ ပြည်သူ့အားကစား ကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည့်  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်း အနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ယခုလို ဖမ်းဆီးရရှိမှုများသည် ကချင်ပြည်နယ်အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် ကြီးမားနေသေးသည်ကို ထောက်ပြ အသိပေးလိုပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အတွင်း ပြည်သူလူထုကို ခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို ဘက်ပေါင်းစုံ ကနေတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက ဝိုင်းဝန်းကြိုးပမ်းကာကွယ်တားဆီးဖြေရှင်းဆောင် ရွက်နေခြင်းကို ပြည်သူများနှင့် ကျောင်းသားလူငယ်များအနေဖြင့်ကျရာ ကဏ္ဍမှ ပူးပေါင်းပါဝင်ပြီး ပြည်နယ်အကျိုး၊ နိုင်ငံ့အကျိုးအတွက် အမျိုးသားရေးတာဝန်အဖြစ် ကျေပွန်စွာ ဝိုင်းဝန်းဆောင်ရွက်ကြရေး အလေးအနက်ထား တိုက်တွန်းလို ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ ၃၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေး ဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုများ တိုက်ဖျက်ရေးနေ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့သည့် သဝဏ်လွှာ အား ဖတ်ကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ က အထိမ်းအမှတ်နေ့ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ပြည်နယ်အဆင့် ပထမ၊ ဒုတိယနှင့် တတိယဆုရ ကျောင်းသား/ ကျောင်းသူများ၊ တစ်နှစ်တာအတွင်း မူးယစ်ဆေးဝါးများ ဖော်ထုတ်ဖမ်းဆီးရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးများ စွမ်းစွမ်းတမံ ဖော်ထုတ် ဖမ်းဆီးရာတွင် စိတ်ရာကိုယ်ပါအားသွန်ခွန်စိုက် ပူးပေါင်းပါဝင်ခဲ့ကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အခမ်းအနား တက်ရောက်လာကြသူများက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုအား ကြည့်ရှုအားပေးခဲ့ကြကာ ဆုရရှိသူများနှင့် အတူ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြပြီး ၃၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြသထားသည့် မူးယစ် ဆေးဝါးအန္တရာယ် အသိပညာပေး ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရ သည်။

ပြည်နယ်ပြန်/ဆက်