နောင်ချိုမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးငြှိမ်းသတ်လက်တွေ့သရုပ်ပြသခြင်းများ ပြုလုပ်

နောင်ချို ဇွန် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မီးသတ်ဦးစီးဌာနမှ အခြေခံပညာကျောင်းများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောခြင်း၊ မီးငြှိမ်းသတ်လက်တွေ့သရုပ်ပြသခြင်းများကို ယနေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်ကျော်လင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ကျဉ်သင့်သည့် အချက်များ၊ မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက အရေးပေါ်ဆောင်ရွက်ရမည့် အချက်များ စသည့်အကြောင်းအရာများကို ပရိုဂျက်တာဖြင့် အသိပညာပေး ပြသဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်ရှေ့မြေကွက်လပ်၌ မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများအား ပြသခဲ့ပြီးနောက် မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းကို လက်တွေ့လေ့ကျင့်မှုများ ပြုလုပ်စေခဲ့ကြောင်းနှင့် အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၁၅)ဦး တက်ရောက်ခဲ့ကြကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)