မဟာအောင်မြေ ဇွန် ၂၆
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနမှ Biometric ကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်မှုကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ စတင် ကောက်ယူလျက်ရှိသည်။
ရှေးဦးစွာ Biometric ကောက်ယူရေးလာရောက်ကြသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦးက မဟာအောင်မြေမြို့နယ်အတွင်း Biometric ကောက်ယူမည့်အခြေအနေအား ရှင်းလင်းပြောကြားပြီး လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမောင်မောင်ကြိုင်က အီလက်ထရောနစ်ဖြင့် လူဦးရေးမှတ်ပုံတင်ခြင်းလုပ်ငန်းအား e-ID စနစ် လုပ်ငန်းအကောင်းအထည်ဖော် ဆောင်ရွက်မှုဖြင့် နိုင်/ဧည့်/ပြု ကိုယ်ရေးမှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေးစာရင်းပုံစံ ၆၆/၆များ system အတွင်း ထည့်သွင်းထားခြင်းကို အခြေခံ၍ Biometric အချက်အလက်များ ကောက်ယူပြီး Digital စနစ်ဖြင့် သိမ်းဆည်းခြင်းဖြစ်ကြောင်း၊ e-ID စနစ်အကြောင်း၊ e-ID စနစ်၏ အဓိကရည်ရွယ်ချက်၊ e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် အဆင့်(၅)ဆင့်၊ အချက်အလက်များ ကောက်ယူရာတွင်အသုံးပြုမည့် စက်ပစ္စည်းများ၊ e-ID ၏ အကျိုးကျေးဇူးများအကြောင်း ပြောကြားပြီး မဟာအောင်မြေမြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့မှ စတင်ကာ ဝန်ထမ်းနှင့် မှီခိုသူဝန်ထမ်းမိသားစုဝင်များ၊ အသက်(၁၀) နှစ်နှင့်အထက် ကျောင်းသား/သူများ၊ ပုဂ္ဂလိဘဏ်နှင့်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများ၊ ဘုန်းကြီးသီလရှင်များနှင့် သာသနာ့ဝန်ထမ်းများကို ဦးတည်အုပ်စုများအလိုက် ဦးစားပေး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Biometric ကောက်ယူရေး လုပ်ငန်းများအား နေ့စဥ်တနင်္လာနေ့မှ သောကြာနေ့အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း