နမ့်စန်(တ) ဇွန် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အမျိုးသားငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် “လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေး စီမံကိန်း” မြို့နယ်အဆင့် အသိပေးညှိနှိုင်းဆွေးနွေးပွဲ (Township Coordination Meeting) ကို မြို့နယ်ပြည်သူ့ဆေးရုံ ၂ ထပ်ဆောင်ရှိ အစည်းအဝေးခန်းမတွင် ယနေ့ နေ့လယ် ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း လူထုအခြေပြုငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း ပြည်နယ်ရုံးဝန်ထမ်း (Monitoring and Evolution Assistant) ဒေါ်နန္ဒာဝင်းက စီမံကိန်းရည်ရွယ်ချက်၊ မြို့နယ်အတွင်းစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အဓိကစီမံချက်လုပ်ငန်းများ၊ လအလိုက်လုပ်ငန်းများ လျာထားမှုနှင့် ဆောင်ရွက်နိုင်မှု၊ ကြုံတွေ့ရသောအခက်အခဲများနှင့် တောင်းခံလိုသော အကူအညီများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးညှိနှိုင်းပွဲကို နေ့လယ် ၁ နာရီမှ ၂ နာရီခွဲအထိ ဆောင်ရွက်ခဲ့ပြီး မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးသန္တာမိုးမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းလူထုအခြေပြုငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း နမ့်စန်မြို့နယ်ဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)