နမ့်ဆန် ဇွန် ၂၆
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီ အချိန်က အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝ ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းအောင်ဝေမှ သဘာဝဘေးအန္တရာယ်နှင့်သက်ဆိုင်သည့် အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ရာ၊ မုန်တိုင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန်လိုအပ်သည့် အချက်များ၊ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘော လွယ်စေရန်အရောင်ဖြင့် သတိပေးစနစ်များ ရှိပါကြောင်းနှင့် အရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့်လုပ် ငန်းများအား ရှင်းလင်းပြောကြားခြင်း၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့် အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က ယနေ့ ဇွန်လ(၂၆)ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်ကြောင်း၊ ကျောင်းသားသူငယ်များအနေဖြင့် မူးယစ်ဆေးဝါးများ မသုံးစွဲသင့်ကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာများကို ဟောပြောခဲ့ကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သည့် နံရံကပ်စာစောင်များ ပြသခြင်းနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ဝင်တစ်စား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)