ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲနှင့်ဖျော်ဖြေရေးအစီအစဥ်များဆောင်ရွက်

ရန်ကုန် ဇွန် ၂၆

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲနှင့်ဖျော်ဖြေရေးအစီအစဥ်များ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယနေ့၊ နံနက် ၁၀ နာရီ တွင်အလုံမြို့နယ်၊အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပသည်။

ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းကအဖွင့်အမှာစကားပြောကြားပြီး၊ အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အဖွဲ့ဝင် (၂)ဦးမောင်မောင်က မုဒိတာစကားပြောကြားသည်။ ဆက်လက်၍ တရားလွှတ်တော်ရှေ့နေ ဦးထင်ဇော်လတ်က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်၊ ပြစ်မှုဆိုင်ရာဥပဒေများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ချက်နှင့် စပ်လျဥ်းသည့် မူးယစ်ဆေးဝါးဆိုင်ရာများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။

ယင်းနောက်ဟာသ သရုပ်ဆောင် ဒဲ့ဒိုးနှင့်အနုပညာရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြရာ ကျောင်းသား၊ ကျောင်းသူများကပျော်ရွှင်စွာ အားပေးကြသည်။ ထိုနောက်အလုံမြို့နယ်၊ ဒုတိယမြို့နယ်ပညာရေးမှူးက ဦးအောင်နိုင်ဝင်းက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားတက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုင်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စန္ဒာမိုး (ပြန်/ ဆက်)