မုဒုံ ဇွန် ၂၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကျောင်းသား/သူများ၊ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး(Abate)ခပ်ခြင်းများကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်ကာ စာသင်ကျောင်းများ၊ ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ကြရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်းပြီး အ.ထ.က(၃)၊ ကတုံးပေါ်၊ ဘလောက်ညောင်ဝိုင်းကျေးရွာနှင့် ကျေးရွာရှိစာသင်ကျောင်းတို့တွင် ရေသိုလှောင်ကန်များ၊ ရေစည်များကို ခြင်မှတစ်ဆင့် ပေါက်ဖွားလာသည့် ပိုးလောက်လန်းများ မရှိစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့်အဘိတ်ဆေးခပ်ခြင်းလုပ်ငန်များ လိုက်လံဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့် မိုးဦးရာသီတွင် ခြင်ပေါက်ဖွားမှုနှုန်းလျော့နည်းစေပြီး ပြည်သူများသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကာ ယင်းလုပ်ငန်းများ ဆောင်ရွက်ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာများကိုလည်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများတို့က ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)