မာန်အောင်မြို့နယ်၌ (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင် ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မာန်အောင် ဇွန် ၂၆      

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ခအုန်းမော်ကျေးရွာအုပ်စု၊ ခအုန်းမော်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မာန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းက အဖွင့်အမှာစကား ပြောကြားပြီး အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်သန်းဝင်းက ကျောင်းသား၊ ကျောင်းသူ လူငယ်များအား မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သိရှိလိုက်နာ သင့်သည့် အချက်အလက်များ၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ရလဒ် ဆိုးကျိုးများအကြောင်း၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ရောဂါလက္ခဏာများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ သုံးစွဲခြင်းဖြင့် ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းအရာများကို ပြောကြား ခဲ့သည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကာတွန်း၊ ပန်းချီ၊ပိုစတာပြိုင်ပွဲများတွင် ဆုရကျောင်းသား/သူများအား ဆုများချီးမြှင့်ရာ ပြည်နယ် (အလယ်တန်း) အဆင့် ပန်းချီပြိုင်ပွဲတွင် တတိယဆုရ အ-လ-က ခအုန်းမော်(Grade-7) မှ မောင်ပြည့်စိုးဗိုလ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းက ဆုငွေနှင့်ဂုဏ်ပြု မှတ်တမ်းလွှာ ကိုလည်းကောင်း၊ ပြည်နယ် (မူလတန်း) အဆင့် ပန်းချီပြိုင်ပွဲတွင် တတိယဆုရ အ-မ-က အနောက်စု (Grade-5) မှ မသိင်္ဂီဝင်းတင်အား အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲမှူး ယာယီရဲမှူး အောင်သန်းဝင်းကလည်းကောင်း၊ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းဖေ