သုံးခွ ဇွန် ၂၆
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ၂၀၂၃-၂၀၂၄ ခုနှစ်ပထမအကြိမ်တင်ဒါပိုက်ချက် ၁၁၅ချက်အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဒေသခံရေလုပ်သားများထံ ရောင်းချခြင်းကို ယနေ့နံနက်၁၀နာရီက ကျင်းပကြောင်း သိရသည်။ ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေတို့မှ အသီးသီး အမှာစကားပြောကြားပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးတင့်က တင်ဒါပိုက်ချက် အိတ်ဖွင့်တင်ဒါစနစ် ရောင်းချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ရီရီအေးက တင်ဒါစည်းကမ်းချက်များအား ဖတ်ကြားရှင်းလင်း ပြောကြားရာတွင် တင်ဒါ၀ယ်ယူမည့်သူသည် တင်ဒါဆွဲ၀ယ်ခွင့်လက်မှတ်ကို လေလံရက်မတိုင်မီ ၁ရက်အလို ရုံးချိန်အတွင်းလာရောက်ထုတ်ယူရမည်၊ ထုတ်ပေးထားသည့် တင်ဒါလိုင်စင်နှင့် လုပ်ပိုင်ခွင့်သည် (၁)နှစ် အတွက်သာဖြစ်ပြီး ကျရောက်ဆဲ မြန်မာသက္ကရာဇ်နှစ်ကုန်အထိသာ တရား၀င်အတည်ဖြစ်ကြောင်း၊ တင်ဒါဆွဲ၀ယ်သူသည် တင်ဒါဆွဲ၀ယ်ရာတွင် ဆွဲ၀ယ်ခွင့်လက်မှတ်ကို နိုင်ငံသာစိစစ်ရေးကတ်ပြားပါရှိမှသာလျှင် ထုတ်ပေးမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
တင်ဒါပိုက်ချက်ရောင်းချရာတွင် ကျေးရွာအုပ်စု (၆၄)အုပ်စု ရှိသည့်အနက်(၂၄)အုပ်စုနှင့် အမှတ် (၂) ရပ်ကွက်၊ အမှတ် (၅)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်ရှိဒေသခံရေလုပ်သား( ၃၀) ဦးတက်ရောက်ခဲ့ပြီး တင်ဒါပိုက်ချက် (၁၁၅)ချက်အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ ဆက်)