ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဥယျာဉ်ခြံသုတေသနဌာနခွဲ၊ ဟင်းသီးဟင်းရွက် သုတေသနဌာနစုတွင် တန်ဖိုးမြှင့်ဟင်းသီးဟင်းရွက်များ တစ်နှစ်ပတ်လုံး အမိုးအကာဖြင့် စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်ခြင်း သုတေသနများဆောင်ရွက်

ဇေယျာသီရိ ဇွန် ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဥယျာဉ်ခြံသုတေသနဌာနခွဲ ဟင်းသီးဟင်းရွက်သုတေသနဌာနစုတွင် တန်ဖိုးမြှင့်ဟင်းသီးဟင်းရွက်များ တစ်နှစ်ပတ်လုံး အမိုးအကာဖြင့် စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်ခြင်း သုတေသနများ ဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဥယျာဉ်ခြံသုတေသနဌာနခွဲ၊ ဟင်းသီးဟင်းရွက်သုတေသနဌာနစုတွင် တန်ဖိုးမြှင့် ဟင်းသီးဟင်းရွက်များ တစ်နှစ်ပတ်လုံးအမိုးအကာဖြင့် စဉ်ဆက်မပြတ်စိုက်ပျိုးထုတ် လုပ်နိုင်ရန် ရည်ရွယ်၍   ၂၀၂၃-၂၀၂၄ မိုးရာသီတွင် ငရုတ်ချို၊ ခရမ်း၊ သခွား၊ ပန်းမုံလာသီးနှံများအား သုတေသနပြု ဆောင်ရွက်လျက်ရှိသည်။ အမိုးအကာနည်းပညာများဖြင့် တန်းဖိုးမြှင့်ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်မှုသုတေသနကို ခေတ်မီပိုးမွှားလုံအမိုးအကာတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးထုတ်လုပ်နိုင်ခြင်းဖြင့် စားသုံးမှုလုံခြုံစိတ်ချ၍ တန်ဖိုးမြှင့်ဟင်းသီးဟင်းရွက်များ ထုတ်လုပ်နိုင်မည့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိုးရာသီကဲ့သို့သော ရေ၊ မြေ အခြေအနေမပေးသော ပတ်ဝန်းကျင်ကို ကျော်လွှား၍ စားသုံးမှုလုံခြုံစိတ်ချစေသည့် တန်ဖိုးမြှင့်ဟင်းသီးဟင်းရွက်များ တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်ပြီး တောင်သူများ၏ လူနေမှုဘဝနှင့် ဝင်ငွေတိုးတက်မြင့်မားလာစေရန်၊ ဟင်းသီးဟင်းရွက်များကို မိုးများလွန်းခြင်း၊ မိုးနည်းလွန်းခြင်း၊ အပူချိန်မြင့်လွန်းခြင်း၊ အပူချိန်နိမ့်လွန်းခြင်း စသည့် ဆိုးရွားသော ရာသီဥတုသဘာဝပတ်ဝန်းကျင်၌ ကွင်းပြင်အခြေအနေတွင် စိုက်ပျိုးပါက မိုးများခြင်း၊ ရေကြီးရေဝပ်ခြင်းဒဏ်၊ ခြောက်သွေ့ဖိစီးမှုဒဏ်နှင့် ပိုးမွှားရောဂါ ကျရောက်မှုဒဏ်တို့ကြောင့် အထွက်နှုန်းနည်းခြင်း၊ အရည်အသွေးမမီသော ဟင်းသီးဟင်းရွက်များရရှိ၍ ဈေးကွက်မဝင်ခြင်း စသည်တို့ကို ကြုံတွေ့ရနိုင်ပါသည်။ အမိုးအကာဖြင့် စိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်ပြီး သီးနှံလိုအပ်သော အပူချိန်၊ စိုထိုင်းဆ၊ အလင်းရောင်နှင့် အခြားလိုအပ်ချက်များကို ထိန်းညှိပေးနိုင်သည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဆောင်ရွက်ထားရှိသည့် အမိုးအကာဖြင့် စိုက်ပျိုးခြင်းသည် ရာသီဥတု ပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်ပြီး စိုက်ပျိုးရာသီမဟုတ်သော အချိန်များနှင့် ဆိုးရွားသော ရာသီဥတုတွင်လည်း ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးနိုင်သောကြောင့် ဝင်ငွေပိုရရှိ၍ အကျိုးအမြတ်များစွာ ရရှိနိုင် သည်။ ပိုးမွှားရောဂါနှင့် ပေါင်းပင်များကို အလွယ်တကူထိန်းချုပ်နိုင်၍ အရည်အသွေး ပြည့်မီသော ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်နိုင်ပြီး စားသုံးမှုလုံခြုံစိတ်ချရ၍ ဘေးအန္တရာယ်ကင်းရှင်းသော၊ အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်သည့်အပြင် တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်သောကြောင့် ဈေးကွက်တွင် အကျိုးအမြတ်ရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)