သင်္ဃန်းကျွန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ

သင်္ဃန်းကျွန်း ဇွန် ၂၆

ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်   အသိပညာပေးဟောပြောပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝါဝါဝင်းမြိုင်မှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မူးယစ်ဆေးသုံးစွဲခြင်းကို ဆေးလိပ်၊ ကွမ်းမှစ၍ စမ်းသပ်မသုံးဆွဲကြရန်၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အဓိကအကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်နိုင်သည့် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးဆိုတာဘာတွေလဲ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့်လူမှုရေး၊   ကျန်းမာရေးဆိုင်ရာအတိဒုက္ခရောက်မှုများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုလျော့နည်းပပျောက်ရေးစသည်များကို  ဆွေးနွေးဟောပြောခဲ့သည်။

ယင်းနောက် ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်လာသည့်   ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့်   အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထိမ်းအမှတ် လက်ကမ်းစာစောင်များအားဖြန့်ဝေပေးခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်  နံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား/သူလေးများက စိတ်ပါဝင်စားစွာလေ့လာမှတ်သား ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)