ငါန်းဇွန် ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများအား အသိပညာပေး ဆွေးနွေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက “ရှောင်ဖယ်ကင်းဝေး မူးယစ်ဘေး” ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေး ဆွေးနွေးဟောပြောပြီး ကျောင်းသားကျော င်းသူများအား ကာတွန်းသရုပ်ဖော်-သီဟ (စခန်းသစ်) ၏ “ကိုယ်စီတန်ဖိုး” ပုံပြင်စာအုပ်အား ဖတ်ရှုဆွေးနွေး ရှင်းပြသည်။ ထို့နောက် ကျောင်းသားကျောင်းသူများထဲမှ အဆိုပါကာတွန်းသရုပ်ဖော်အား အစအဆုံး ပြန်လည်ရှင်းလင်းပြောပြနိုင်သူကို ဉီးစီးအရာရှိ ဒေါ်နေခြည်ဦးက ဆုများချီးမြှင့်ပေးအပ် ခဲ့သည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက “စားသုံးသူရေးရာ အသိပညာပေး”ခေါင်းစဉ်ဖြင့် စားသုံးသူ အခွင့်အရေးဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်နှင့်တားမြစ်ချက်များ၊ ကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ပါဝင်မှုရှိမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးလှိုင်မိုးဟိန်းက “လူငယ်နှင်အားကစား” ခေါင်းစဉ်ဖြင့် ကိုယ်လက် လှုပ်ရှားအားကစား အလေ့အကျင့်ကြောင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့်အပြင် အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အထောက်အကူဖြစ်စေကြောင်း ရှင်းလင်းဆွေးနွေးဟောပြောကာ ကျောင်းတွင်း အားကစားများ ဆောင်ရွက်နိုင်ရေးအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမ ဒေါ်စုက လက်ခံရယူသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ သက်နောင်ဦး