ကျောက်မဲမြို့၊ တိလင်ပရိယတ္တိစာသင်တိုက် ရာပြည့်ခန်းမတွင်  ခရိုင်အဆင့်ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ပရိတ်တော်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ကျောက်မဲ ဇွန် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ တိလင်ပရိယတ္တိစာသင်တိုက် ရာပြည့်ဓမ္မာရုံကြီးတွင် ကျောက်မဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ပရိတ်တော်ရွတ်ဆိုပူဇော်ပြိုင်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး ဖွင့်လှစ်ခဲ့သည်။ ထိုဝတ်ရွတ်အသင်းများကို ဒိုင်တစ်ဦးက အမှတ်ပေးစည်းမျဥ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့နယ်တို့မှ ပြိုင်ပွဲဝင် ဝတ်ရွတ်အသင်းများက ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်ကို အလွတ်ရွတ်ဆို ယှဥ်ပြိုင်ခဲ့ကြသည်။ ထိုအသင်း (၃)သင်းထဲမှ အကောင်းဆုံး(၁)သင်းကို ရွေးချယ်ပြီး ခရိုင်ကိုယ်စားပြုအနေဖြင့် လားရှိုးမြို့နယ်တွင် ကျင်းပပြုလုပ်မည့် တွဲပြည်နယ်အဆင့်ပြိုင်ပွဲသို့ ဆက်လက်သွားရောက်ယှဥ်ပြိုင်‌စေမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)