တာလေ ဇွန် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက အခြေခံပညာအထက်တန်း ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ အခြေခံပညာအထက်တန်းကျောင်း(တာလေ)မှ ကျောင်းအုပ်ဆရာကြီး ဉီးကျော်ဆန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဒုတိယဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် လူငယ်များသည် တိုင်းပြည်၏ အနာဂတ်သားကောင်းရတနာများဖြစ်ပြီး နောင်တစ်ချိန်တွင် တိုင်းပြည်ကို ခေါင်းဆောင်မည့် နိုင်ငံ့သားကောင်းများဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် အမျိုးသားရေးကိုရှေ့တန်းတင်ကာ လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးကို မသုံးစွဲမိအောင် အထူးဂရုပြုရှောင်ကြဉ်ရမှာဖြစ်ကြောင်း ပြောကြားပြီး မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးသုံးစွဲခြင်းဖြင့် ရရှိလာမည့်ဆိုးကျိုးအန္တရာယ်များစသည့် အသိပညာပေး အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ် စာစောင်များ ချိတ်ဆွဲပြသကာ သုတ၊ ရသစာအုပ်၊ စာစောင်များဖြင့် နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)