မိုးနဲမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုပေးပွဲ ကျင်းပ

မိုးနဲ ဇွန် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဆုပေးပွဲအခမ်းအနားကို မိုးနဲ(အ.ထ.က)ကျောင်း ပုလဲဆောင်ခန်းမနေရာ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင်က မူးယစ်ဆေးဝါးဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက “မူးယစ်ဟူက တိုက်ဖျက်ကြ” ခေါင်စဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန်းသန်းဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို ပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူလေးများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ချိတ်ဆွဲပြသထားသော ပြိုင်ပွဲဝင် ဆုရပန်းချီပုံများအား မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)