ဥတ္တရသီမြို့နယ်တွင် “မြေဆီလွှာဖွံ့ဖြိုးတိုးတက်ဖို့ သစ်စိမ်းမြေဩဇာ စိုက်ကြစို့” ခေါင်းစဉ်ဖြင့် ကွင်းသရုပ်ပြပွဲ ကျင်းပ

 

ဥတ္တရသီရိ ဇွန် ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာတွင် “မြေဆီလွှာဖွံ့ဖြိုးတိုးတက်ဖို့ သစ်စိမ်းမြေဩဇာ စိုက်ကြစို့” ခေါင်းစဉ်ဖြင့် ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက တောင်သူ ဦးစိုးလင်း၏ ကွင်းအမှတ် ၁၈၉၃၊ လယ်မြေ ၄ ဧကတွင် ကျင်းပခဲ့သည်။

အဆိုပါသရုပ်ပြပွဲတွင် ဥတ္တရသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်က သီးထပ်စွမ်းအားတိုးတက်မြင့်မားစေရေး၊ တစ်ဧက ပန်းတိုင်အထွက်နှုန်းတိုးတက်စေရေး၊ တောင်သူများ ဝင်ငွေတိုးတက်စေရန် တစ်သီးမှ နှစ်သီး၊ နှစ်သီးမှ သုံးသီး စိုက်ပျိုးနိုင်ရေးတို့အတွက် (မျိုး၊ မြေ၊ ရေ၊ နည်း)တို့ဖြင့် ဆောင်ရွက်သွားရန်၊ သုံးသီးစိုက်ပျိုးနိုင်ရန်အတွက် သက်တမ်းတိုးအထွက်နှုန်း၊ ကောင်းသော မျိုးများ ပြောင်းလဲသုံးစွဲခြင်း၊ တစ်သီးပြီး တစ်သီး အကြိမ်ကြိမ်စိုက်ပျိုးရသည့်အတွက် ကုန်ခမ်းသွားသော မြေဆီ၊ မြေသြဇာကို ပြန်လည်ဖြည့်တင်းရန် သစ်စိမ်းမြေသြဇာ စိုက်ပျိုးခြင်း၊ ပဲတီစိမ်းစိုက်ခင်းများ အသီးခူးစွတ်ပြီးသည်နှင့် အပင်များကို ထယ်ထိုးမြေမြှုပ်ပြုလုပ်ပေးခြင်းဖြင့် မြေဆီမြေဩဇာ တိုးတက်ကောင်းမွန်လာမည်ဖြစ်ပြီး စိုက်ပျိုးသည့် သီးနှံတိုင်း ပန်းတိုင်အထွက်နှုန်းရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မရမ်းခုံကျေးရွာမှ တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)