စဉ့်ကူး ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့ ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၉) နာရီက စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် စဉ့်ကူးမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စဉ့်ကူးမြို့မ ရဲစခန်းမှ စခန်းမှူးဒုရဲမှူး မောင်မောင်စိန်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအကြောင်း၊ မူးယစ်ဆေးဝါး ၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများ၏ လက္ခဏာများ၊ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် လက်ဝယ်ကိုင်ဆောင်မှုကြောင့် ချမှတ်နိုင်သည့် ပြစ်မှု နှင့်ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါး အလွဲသုံးမှု လျော့နည်းပပျောက်ရေးအတွက် ပြည်သူအားလုံးက ပူးပေါင်းဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး ကြောင့် မိမိအပါအဝင် မိသားစုနှင့် လူမှုအဖွဲ့အစည်းများအပေါ် ဆိုးကျိုးသက်ရောက်မှုများ စသည့်မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကျောင်းသား ကျောင်းသူများ သိရှိလိုက်နာသင့်သည့် အချက်များကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်ကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုကြရာ မြို့နယ် ဦးစီးအရာရှိ နှင့် ဝန်ထမ်းများက လိုက်လံရှင်းလင်းပြသခဲ့သည်။
အဆိုပါအခမ်းအနားသို့ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နီချစ်၊ စဉ့်ကူးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မောင်မောင်စိန်၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးကြန်၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်