မိုင်းဖြတ်မြို့နယ်၌ ခရိုင်ဝန်ထမ်းပေါင်းစုံ(GEC) သမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

မိုင်းဖြတ် ဇွန် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ခရိုင်ဝန်ထမ်းပေါင်းစုံ(GEC) သမဝါယမအသင်းလီမိတက်၏ (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ဝန်ထမ်းပေါင်းစုံ (GEC) သမဝါယမအသင်းလီမိတက်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အမှုဆောင်အဖွဲ့မှအတွင်းရေးမှူး ဒေါ်နန်းနော်က ခရိုင်ဝန်ထမ်းပေါင်းစုံ(GEC)သမဝါယမအသင်း၏ လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာရေးရှင်းတမ်းများကို အမှုဆောင်အဖွဲ့မှအဖွဲ့ဝင် ဦးရှောလမွန်က ရှင်းလင်းဖတ်ကြားခဲ့ပြီး ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးရှင်းတမ်း အမြတ်ခွဲဝေမှုစာရင်းအား အတည်ပြုချက်ရယူခဲ့သည်။

ဆက်လက်၍ ခရိုင်ဝန်ထမ်းပေါင်းစုံ(GEC)သမဝါယမအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို အသင်းသူ၊ အသင်းသားများက အကြံပြုဆွေးနွေးခဲ့ပြီးဥက္ကဋ္ဌမှ အသင်း၏လုပ်ငန်းများ လည်ပတ်နိုင်ရေးကို တာဝန်ရှိသူများနှင့် အသင်းသူ၊ အသင်းသားများက  ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ နိဂုံးချုပ် စကားပြောကြားခဲ့သည်။  

မိုင်းဖြတ်မြို့နယ်တွင်  ခရိုင်ဝန်ထမ်းပေါင်းစုံ(GEC) အသမဝါယမအသင်းကို ၁၉၉၂ခုနှစ်တွင် သမဝါယမဥပဒေနှင့်အညီ ဖွဲ့စည်းခဲ့ပြီး ငါးမွေးမြူရေးလုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ စပါးကြိတ်ခွဲလုပ်ငန်းများနှင့် အကျိုးတူလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ အသင်းစတင်ဖွဲ့စည်းချိန် (၁၉၉၂)ခုနှစ်တွင် မိုင်းဖြတ်ခရိုင် ဖြစ်ခဲ့ပြီး မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းယောင်းမြို့နယ်များမှ အသင်းသားဦးရေ(၅၆)ဦးနှင့် အစုတစ်စုလျင် (၅၀၀)ကျပ်ဖြင့် လုပ်ငန်းများကို စတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၂၀၁၄ခုနှစ်မှစတင်၍ မိုင်းဖြတ်ခရိုင်မှ မိုင်းဖြတ်မြို့နယ်သို့ ပြောင်းလဲခဲ့သည့်အတွက် အသင်း၏လုပ်ငန်းတစ်ချို့ရပ်ဆိုင်းခဲ့ရပြီး လုပ်ငန်းတိုးတက်မှုများသည် အားနည်းခဲ့ကြောင်း ဦးစီးအရာရှိ ဒေါ်နန်းနော်ထံက သိရသည်။

 မြို့နယ်(ပြန်/ဆက်)