မိုးညှင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေးဆွေးနွေး

မိုးညှင်း ဇွန် ၂၆

ကချင်ပြည်နယ်မိုးညှင်းခရိုင်မိုးညှင်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် သွေးလွန်တုပ် ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမျိုးဝင်းက သွေးလွန်တုပ်ကွေးရောဂါပိုး သယ်ဆောင်သော ခြင်ကျား အကိုက်ခံရခြင်းမှ တစ်ဆင့်ကူးစက်သည့် အကြောင်းအရာများ၊ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ၊ သွေးလန့်သည့် လက္ခဏာများ၊ ခြင်ကျားလောက်လန်း ပေါက်ပွားရာနေရာများနှင့် စာသင် ကျောင်းများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများစသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးစံထွေးက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ သိရှိလိုသည် များကို အသီးသီးဆွေးနွေးပြောကြားရာ တာဝန်ရှိသူများက ပြန်လည်ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့သည်။

ထို့အတူ ယနေ့ နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီး ဦးဆောင်သည့် ကျန်းမာရေး ဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းကို ကျောင်းသား၊ ကျောင်းသူများအား ပါဝါပွိုင့်ဖြင့် ဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း