ပန်ဝါမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အသိပညာပေး ဟောပြောပွဲကျင်းပ

ပန်ဝါ ဇွန် ၂၆

ကချင်ပြည်နယ်၊ ပန်ဝါမြို့တွင် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပန်ဝါမြို့ အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှုး ဦးညီညီထွန်းက အဖွင့်အမှာ စကားပြောကြားပြီး၊ ပန်ဝါနယ်မြေရဲစခန်းမှူး ရဲအုပ်ထွန်းမင်းအောင်က မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ရရှိလာမည့် နောက်ဆက်တွဲဆိုးကျိုးများ၊ ဆောင်ရန်ရှောင်ရန်များနှင့် မူးယစ်ဥပဒေများအကြောင်း အသိပညာပေး ဟောပြောသည်။

ဆက်လက်၍ ဒေသတည်ငြိမ်ဖွံဖြိုးရေးရုံးမှ အတွင်းရေးမှုးဦးထောဒေါင်က ဒေသတွင်းမူးယစ်ဆေးဝါး ဖမ်းဆီးတိုက်ဖျက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အကြို အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါအခမ်းအနားတွင် ပန်ဝါမြို့ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသတည်ငြိမ်ဖွံဖြိုးရေးရုံးမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူများ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပန်ဝါ(ပြန်/ဆက်)