မိုင်းဆတ် ဇွန် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲက အောင်ဇေယျဘက်စုံအားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ဖတ်ကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံမူးယစ်ဆေးဝါးပပျောက်ရေးဆောင်ရွက်မှု မှတ်တမ်းဗွီဒီယိုပြသကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် တာဝန်ရှိသူတို့က အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ ရဲမှူးကျော်သူက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ဦးအေးမင်း၊ ဦးထွန်းထွန်းဝင်းနှင့် ဦးပြည့်စုံကျော်တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်ပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ အမှတ်(၂၉)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် အမှတ်(၁၂၂)ယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှ ပြသထားသည့် အသိပညာပေးနံရံကပ်ဘုတ်များကို လေ့လာကြည့်ရှုခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အမှတ်(၂၉)မူးယစ်ရဲတပ်ဖွဲ့မှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်လင်းထွန်း၊ ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ ရဲမှူးကျော်သူ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့် တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)