ပုဏ္ဏားကျွန်း ဇွန် ၂၆
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ မုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ စာကြည့်တိုက် ဘက်စုံသုံးခန်းမသို့ လာရောက်၍ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ကြရာတွင် တပ်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယဗိုလ်မှူးကြီး ရဲထွန်းဝင်းဦးစီး၍ တပ်မတော်နယ်လှည့်ဆေးကုအဖွဲ့မှ ပါရဂူဗိုလ်ကြီး ဝေတိုးသူဦးဆောင်သော ကလေးအထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုတို့က မုန်တိုင်းသင့် ပြည်သူများအား ရာသီတုတ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျှော့ရောဂါနှင့် အထွေထွေရောဂါ ဝေဒနာရှင်များအား ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး၊ လိုအပ်သည့်ဆေးဝါးများဖြင့် အခမဲ့ကုသပေးခဲ့သည်။
အဆိုပါ ကျန်မာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့်နေရာသို့ ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးကြပြီး၊ ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်