ဆွမ်ပရာဘွမ်မြို့၌ မွေးကင်းစမှ (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ဆွမ်ပရာဘွမ် ဇွန် ၂၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် (၂)နှစ်အောက် ကလေးငယ်များအား ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆေးထိုးနှံခြင်း ဆောင်ရွက်ရာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ကျန်းမာရေးမှူး အဆင့်(၁)‌ ဒေါ်လုဂျာ၊ မြို့နယ်ဘက်စုံသားဖွားဆရာမ ဒေါ်ဘောက်ဆိုင်းတို့က ကျန်းမာရေးနှင့် ဆိုင်သော အသိပညာ ဗဟုသုတများ ရှင်းလင်းပြောကြားခြင်း၊  သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက (၁)နှစ်အောက် ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ဆေးမှတ်တမ်းများ ရေးသွင်းခြင်း ဖြင့် ကျန်းမာရေးစစ်ဆေးကာ မွေးကင်းစမှ (၂)အောက် ကလေးငယ်များအား ဘီစီဂျီ၊ အသည်း ရောင် အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဂျီ)၊ ပြင်းထန်ဝမ်းလျှောဝမ်းပျက် (ရိုတာ)၊ ဆုံဆို့ - ကြက်ညာ- မေးခိုင်-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် စသည့်ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ဆေးထိုးခြင်းလုပ်ငန်းကို ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ အသက်မွေးကင်းစမှ (၂)နှစ်အောက် ကလေးငယ်များအား အသက်အရွယ်အလိုက် လစဉ် ကာကွယ်ဆေးများကို နံနက် ၁၀ နာရီတွင် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဧပရယ်မိုး(ပြန်/ဆက်)