ဒဂုံအရှေ့ ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(Talk Show)ဆွေးနွေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်း(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင်းအိမွန်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ပြောကြားခဲ့ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့အမှတ်(၄၁)မူးယစ်တပ်ဖွဲ့စုရန်ကုန်အရှေ့ပိုင်းမှတပ်ဖွဲ့စုမှူး ရဲမှူးလှသိန်းစိုးကမူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ လူငယ်များမူးယစ်ဆေးဝါးရှောင်ကြဉ်ရမည့်အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ရရှိမည့်ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များ၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးမှုအစရှိသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး(Talk Show)ဆွေးနွေးမှုကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဝိမုတ္တိသုခလောကချမ်းသာရေလယ်၊ မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page တို့တွင် ပြည်သူ့များသိရှိနိုင်စေရန် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)