ရန်ကင်းပညာရေးဒီကရီကောလိပ်တွင် လူငယ်ရေးရာဟောပြောပွဲကျင်းပပြုလုပ်

ရန်ကင်း ဇွန် ၂၆

လူငယ်လူရွယ်များစာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရေးနှင့် မြန်မာစာပေအပေါ် ချစ်မြတ်နိုးလာတတ်စေရန် ရည်ရွယ်လျှက် လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် လူငယ်အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းပညာရေးဒီကရီကောလိပ်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်/ ဆက်ဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်သူက အသိပညာပေးဟောပြောရသည့် လူငယ်နှင့်စာပေ ခေါင်းစဉ်ပါအတိုင်း စာပေဖတ်ရှု့မှုမှရရှိလာသည့် အကျိုးကျေးဇူးများ၊ ရှေးယခင်ကပင် ယခုကာလတိုင် မြန်မာစာပေမပျောက်ပျက်ရေးအတွက် ဝတ္ထု၊ ကဗျာ၊    ဆောင်းပါးများတွင် ပြောင်မြောက်သောအရေးအသား၊ အဖွဲ့အနွဲ့များကို ထုတ်နှုတ်ရွေးချယ်ကာ ဆုများပေးအပ်ပြီး မြန်မာစာပေတိုးတက်ရေးထိန်းသိမ်းဆောင်ရွက်လျက်ရှိရာ လူငယ်များ၏ အခန်းကဏ္ဍမှာ အရေးကြီးသည့်အတွက် လူငယ်များအနေဖြင့် မှန်ကန်သော၊ အကျိုးရှိသောစာပေများကို ရွေးချယ်ဖတ်ရှုရန် လိုအပ်သည်များနှင့် ပတ်သက်ပညာပေးဟောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံစာရေးဆရာများအသင်းမှ ဦးမြင့်မောင် (Phi-Q)က စာပေရေးရာများနှင့် ပတ်သက်၍လည်းကောင်း ပြောကြားဆွေးနွေးခဲ့သည်။

အခမ်းအနားအပြီးတွင် စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် သုတ/ရသစာအုပ်(၁၀၀)ကျော်အား ခင်းကျင်းပြသထားပေးရာ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ဒေါ်သူ (ပြန်/ ဆက်)