မိတ္ထီလာ ဇွန် ၂၆
မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ထင်းအစားထိုး အခြားလောင်စာတိုးမြှင့်အသုံးချရေး အသိပညာပေး ဟောပြောခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ ပေးအပ်ခြင်းကို ယမန့်နေ့က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထင်းအစားထိုး အခြားလောင်စာတိုးမြှင့်အသုံးချရေး အသိပညာပေးရာတွင် မန္တလေးတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာမှ ညွှန်ကြား ရေးမှူး ဦးသော်နိုင်ဦးက မြန်မာနိုင်ငံအလယ်ပိုင်း ပူပြင်းခြောက်သွေ့ မိုးနည်းရပ်ဝန်းဒေသတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျေးလက်နေ ပြည်သူများ၏ အခြေခံသစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေးရေး၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ ရာသီဥတု မျှတကောင်းမွန် လာခြင်းဖြင့် စိုက်ပျိုးရေးကို အထောက်အကူဖြစ်စေရေးတို့အတွက် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းနှင့် သဘာဝတောကျန်များ ထိန်းသိမ်း ကာကွယ် ခြင်းများကို ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် သစ်တောသစ်ပင်များ၏တန်ဖိုးနှင့် အနှစ်သာရကို ဒေသခံပြည်သူများ သိရှိ နားလည်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေပြီး ထင်းအစား စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချသွားစေရန်အတွက် ယခုလိုလာရောက်၍ အသိပညာပေး ဟောပြောခြင်း ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် ညွှန်ကြားရေးမှူး ဦးသော်နိုင်ဦးနှင့် တာဝန်ရှိသူများက ဆည်ကုန်းကျေးရွာရှိ အိမ်ထောင်စု ၅၀ အား စွမ်းအားမြှင့်မီးဖို အလုံး ၅၀ ကို အခမဲ့ဖြန့်ဝေ ပေးအပ်ခဲ့ပြီး တက်ရောက်လာသော ကျေးရွာသူကျေးရွာသား အားလုံးအား သရက်ပင်၊ မန်ကျည်းပင်နှင့် သင်္ဘောကုက္ကိုပင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ပေးအပ်ခြင်းကို မန္တလေးတိုင်း ဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာမှ ညွှန်ကြားရေးမှူး ဦးသော်နိုင်ဦး၊ မိတ္ထှီလာခရိုင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်း၊ မြို့နယ် ဦးစီးမှူး ဦးဝေယံဖြိုး နှင့်ဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်