တန့်ယန်း ဇွန် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်၌ (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ထံမှပေးပို့သည့် သဝဏ်လွှာအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်းက ဖတ်ကြားသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျင်းပပြုလုပ်ခဲ့သော ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အလွတ်တန်းပြိုင်ပွဲဝင်များအား တာဝန်ရှိသူအသီးသီးတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြသထားသော နံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများကို နယ်မြေခတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အခမ်းအနား တက်ရောက်လာကြသူများက လေ့လာကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)