မိုင်းဖြတ် ဇွန် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ဝန်ထမ်းပေါင်းစုံငွေစု ငွေချေးသမဝါယမအသင်းလီမိတက်၏ (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးထွန်းဇော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနော်က လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာရေးရှင်းတမ်းများကို အမှုဆောင်အဖွဲ့မှ ဦးဝင်းကျော်ဦးက ရှင်းလင်းဖတ်ကြားခဲ့ပြီး ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးရှင်းတမ်း အမြတ်ခွဲဝေမှု စာရင်းအား အတည်ပြုချက်ရယူခဲ့သည်။
ဆက်လက်၍ မြို့နယ်ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ လုပ်ငန်းဆောင်ရွက်ချက်များကို အသင်းသူ၊ အသင်းသားများက အကြံပြုဆွေးနွေးခဲ့ပြီးဥက္ကဋ္ဌမှ အသင်း၏လုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရေးနှင့်စပ်လျဉ်းပြီး နိဂုံးချုပ်စကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဝန်ထမ်းပေါင်းစုံငွေစုငွေချေးအသင်းမှ အသင်းသူအသင်းသားများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး ဆုမဲပေါင်း(၂၀)ကို ကံစမ်းမဲဖောက်ပေးခဲ့သည်။
မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးအသင်းကို ၂၀၀၉ခုနှစ်မှစတင်ပြီး ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အသင်းစတင်တည်ထောင်ချိန်တွင် အသင်းသားဦးရေ(၃၀)ကျော်သာရှိခဲ့ပြီး ယခုအခါ အသင်းသားဦးရေမှာ(၁၈၀)ဦးရှိပြီး အသင်း၏လုပ်ငန်းများမှာ ဖွံ့ဖြိုးတိုးတက်မှုရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်နန်းနော်ထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)