ကျောက်တံတားမြို့နယ်၌ နေအိမ်ပြင်ပထွက်ခွာသူများ၊ ပါးစပ်၊နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး ဆောင်ရွက်

ကျောက်တံတား   အောက်တိုဘာ   ၉

ရန်ကုန်‌အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာသူများ၊ ပါးစပ်၊နှာခေါင်းစည်း(Mask) များ တပ်ဆင်ခြင်းရှိ/မရှိ  စစ်ဆေးခြင်းကို ယနေ့ နေ့လယ်က မြို့နယ်အတွင်းရှိ လမ်းမကြီး များနှင့် ဘတ်စ်ကားမှတ်တိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ဆူးလေဘုရား လမ်းမကြီး၊ ပန်းဆိုးတန်း လမ်းမကြီး၊ အနော်ရထာလမ်းမကြီးနှင့် မဟာဗန္ဓုလ ပန်းခြံရှေ့များသို့ သွားရောက်ကာ ပြည်သူများ ပါးစပ်၊နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး ခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် ပါးစပ်၊နှာခေါင်းစည်းတပ်ဆင်လာခြင်းမရှိသူများအား  Maskတစ်ခုပေး၍  တစ်ဦးလျှင် ဒဏ်ငွေအဖြစ် ငွေကျပ် ၂၀၀ စီကို ပေးဆောင်စေခြင်းနှင့် နေအိမ်ပြင်ပထွက်ခွာတိုင်း  ပါးစပ်၊နှာခေါင်းစည်း(Mask)ကို မေးစေ့တွင်မချိတ်ရန်၊ ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာအုပ်၍ မဖြစ်မနေတပ်ဆင်ရန် သတိ ပေးပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ရွှေနန်းမေ