လားရှိုး ဇွန် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပပြုလုပ်သည့် ခရိုင်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က လားရှိုးမြို့ ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်သည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများနှင့်ပတ်သက်၍ ဒိုင်အဖြစ်ဆောင်ရွက်ခဲ့ကြသည့် ဆရာတော်သံဃာတော်တစ်ပါးက ရှင်းလင်းပြောကြားသည်။
ယင်းနောက် အထူးဆုရရှိသည့် ကွမ်းလုံမြို့နယ်ဝတ်ရွတ်အသင်းနှင့် သိန္နီမြို့နယ်ဝတ်ရွတ်အသင်းတို့ကို လားရှိုးခရိုင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးမျိုးကလည်းကောင်း၊ ပထမဆုရရှိသည့် လားရှိုးမြို့နယ် ဝတ်ရွတ်အသင်းကို ပြည်နယ်ဒုတိယ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးခိုင်ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စိုင်းထွန်း ( လားရှိုး )