တံတားဦးမြို့နယ်တွင် ချည်မျှင်ရှည်ဝါ (၁၃၉၂ ) ဧကကျော် လျာထားစိုက်ပျိုးမည်

တံတားဦး ဇွန် ၂၆

တံတားဦးခရိုင် တံတားဦးမြို့နယ် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ်  စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်သူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းရာသီ အလိုက်သီးနှံများကို  စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ်တွင် တံတားဦးမြို့နယ်၌ ချည်မျှင်ရှည်ဝါ (၁၃၉၂) ဧကကို လျာထားစိုက်ပျိုး သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ချည်မျှင်ဝါကို မိုးဝါနှင့် မိုးနှောင်းဝါဟူ၍ နှစ်မျိုးရှိပါကြောင်း၊ မိုးဝါကို မတ်လနှင့် ဖွန်လတို့တွင် စိုက်ပျိုးပြီး၊ မိုးနှောင်းဝါကို တောင်သူများ နှမ်းရတ်သိမ်းပြီး မြေပြုပြင်၍ ဇူလိုင်လနှင့်နှင့် ဩဂုတ်လတို့တွင် စိုက်ပျိုးကြပါကြောင်း၊ တံတားဦးမြို့နယ်တွင် ယခုနှစ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးဝါနှင့် မိုးနှောင်း ချည်မျှင်ရှည်ဝါ ရွှေတောင် (၁၀) RSအား စိုက်ဧကတိုးတက်ရေးနှင့် အထူးဇုန်ကို ငါးဇင်ကျေးရွာ၊ ဇီးချောင်းကျေးရွာ၊ စကားအင်းကျေးရွာ၊ သဲမောင်းကန်ကျေးရွာ၊ ချောင်းခွ ကျေးရွာ၊ သက္ကယ်ကျင်းကျေးရွာ၊ ချောင်းဘတ်ကျေးရွာ၊ မြိုင်သာကျေးရွာ၊ နွားခြံကြီးကုန်းကျေးရွာ၊ စပါးတွင်းကျေးရွာ၊ သစ်တော်ဖျားကျေးရွာနှင့် ပျားကျေးရွာ တို့တွင်  (၅၇၇) ဧကကို၎င်း၊ ရွှေတောင် (၁၀) FS မျိုးစေ့ထုတ် ဧကကို မြိုင်သာကျေးရွာနှင့် သက္ကယ်ကျင်းကျေးရွာ တို့တွင် (၁၁၅) ဧကကို၎င်း၊ B-31 (စပ်မျိုး) ဝါကို မြိုင်သာကျေးရွာ၊ သက္ကယ်ကျင်းကျေးရွာ၊ သစ်တော်ဖျားကျေးရွာ၊ နွားခြံကြီးကုန်းကျေးရွာ၊ ချောင်းခွကျေးရွာ၊ ချောင်းဘတ်ကျေးရွာနှင့် ငါးဇင်ရိုင်း ကျေးရွာတို့တွင် ဧက (၇၀၀) တို့ကို အသီးသီး စိုက်ပျိုးမည်ဖြစ်ကြောင်း မျိုးစေ့များကို ထောင်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးပြီး ဖြစ်ကြောင်း ယခုနှစ် မိုးရာသီရာတွင် သက်ဆိုင်ရာဌာနများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးလုပ်ငန်း ပိုမိုအောင်မြင်ဖြစ်ထွန်းရေး  အဆင့်ဆင့်တာဝန်ခွဲ‌ ဆောင်ရွက်မည်ဖြစ်ပြီး ဒေသခံတောင်သူများနှင့် ပူးပေါင်းပြီး ပိုးမွှားရောဂါ ကာကွယ်ရေးလုပ်ငန်းများကို မျက်ခြည်မပြတ် စနစ်တကျ စောင့်ကြည့် ဆောင်ရွက် ကာ ရာသီဥတု ရေ၊ မြေဒေသနှင့် ကိုက်ညီသည့်  အထွက်နှုန်းကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ၊ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နည်းပညာ၊ နည်းစနစ် ကောင်းများ ဖြန့်ဝေပေးနိုင်ရေးအတွက်လည်း  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည် ။

တံတားဦးမြို့နယ်အနေဖြင့် တောင်သူများ သီးနှံမျိုးစုံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေး မြေဆီလွှာထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ဆောင်ရွက်ရေး မြေဩဇာများ စနစ်တကျသုံးစွဲရေး၊ သဘာဝမြေဩဇာများ စုဆေားဆောင်းအသုံးပြုရေး၊ ပေါင်းမြက်ကာကွယ်နှိမ်နှင်းရေး၊ ပိုးသတ်ဆေးနှင့် ဆေးဖျန်း ကိရိယာ များ စနစ်တကျကိုင်တွယ်အသုံးပြုရေး သီးနှံပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး စသည်တို့ကို  ကျေးရွာများအရောက် တောင်သူများနှင့်တွေ့ဆုံပြီး ကွင်းဆင်း ပညာပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမင်းနိုင်မှ ပြောကြားသည်။

ဦးရဲတင့် (ပြန်/ဆက်)