လားရှိုးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

လားရှိုး ဇွန် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ဒေသခံပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယခုတစ်ပတ်တွင် ဇွန်လ ၂၆ ရက်နေ့၌ မူလွန်(၂၇)၊ အ.မ.က(၁)၊ အ.ထ.က(မန်ဆန်ရေကျ)၊ ဇွန်လ ၂၇ ရက်နေ့၌ အ.မ.က(၃)၊ အ.မ.က(၂၉)၊ အ.လ.က (ခွဲ)ရှန်ခိုက်၊ ဇွန်လ ၂၈ ရက်နေ့၌ မူလွန်(၅)၊မူလွန်(၂၀)၊အ.လ.က(ခွဲ)နောင်ကွဲ၊ဇွန်လ ၂၉ ရက်နေ့၌ အ.လ.က(ခွဲ)၄၊ မူလွန်(၁၂)၊ မူလွန်မန်နားကိုးကန့်၊ ဇွန်လ ၃၀ ရက်နေ့တွင် အ.လ.က(ခွဲ)၁၈၊ မူလွန်(၁၇)၊ အ.လ.က(ခွဲ) မန်အိုင်ကျောင်းများတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက်(၁၂)နှစ်အထက် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ ကျောင်းသား၊ ကျောင်းသူများကို ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းကို လားရှိုးမြို့နယ် ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ဝန်ထမ်းများမှ ထိုးနှံပေးလျက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

လားရှိုးပြည်သူ့ဆေးရုံကြီးတွင်လည်း အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ထိ ဒေသခံပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိနေကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)