နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိသည့် နေပြည်တော်အတွင်းမှ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် ဇွန် ၂၆

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိသည့် နေပြည်တော်အတွင်းမှ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ အာကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆုတံဆိပ်ရရှိခဲ့သည့် အုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းမှ ဆုတံဆိပ်ရရှိခဲ့သည့် အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများကို နေပြည်တော်ကောင်စီမှ ဂုဏ်ပြုအားပေးသည့်အနေဖြင့် ယခုလို ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ရခြင်း ဖြစ်ကြောင်း၊ နေပြည်တော်အတွင်းရှိ အားကစားသမားများအနေဖြင့် နိုင်ငံတကာပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ယခုထက်ပိုမိုရရှိပြီး နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်ရေး၊ လူငယ် လူရွယ်တိုင်း အားကစားကို စိတ်ပါဝင်စားပြီး လေ့လာလိုက်စားရာမှတစ်ဆင့် ပြိုင်ပွဲဝင်နိုင်သည်အထိ လေ့ကျင့်ယှဉ်ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှအဆင့်မှသည် အာရှအဆင့်၊ ကမ္ဘာ့အဆင့်ထိ ထိုးဖောက်နိုင်စေရေး ရည်မှန်းချက်ထားပြီး ဆက်လက်ကြိုးပမ်းအားထုတ်သွားစေလိုကြောင်း၊ နောင်လာမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ နိုင်ငံတကာ ပြိုင်ပွဲများတွင်လည်း နိုင်ငံ၏ဂုဏ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ဂုဏ်ကိုဆောင်ပြီး အောင်မြင်မှု ရရှိရေးအတွက် မလျော့သောဇွဲ၊ လုံ့လ၊ အားမာန်၊ စိတ်ဓာတ်တို့နဲ့ ယခုထက် ပိုမိုအားထုတ်ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ရိုးရာခြင်းအားကစားနည်းတွင် ရွှေတံဆိပ်နှစ်ခုရရှိခဲ့သည့် မစုတွယ်တာနှင့် မသဲသဲကိုလည်းကောင်း၊ ရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ်တစ်ခု ရရှိခဲ့သည့် မောင်ဓူဝံကျော်ကိုလည်းကောင်း ဂုဏ်ပြုဆုငွေများချီးမြှင့်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ပိုက်ကျော်ခြင်းအသင်း အုပ်ချုပ်သူ ဦးရဲဝင့်ထွဋ်တင်နှင့် စစ်တုရင်အသင်းနည်းပြ ဦးမျိုးဇော်မင်းကို လည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက နိုင်ငံ့ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဘောလုံးအားကစားနည်းမှ မောင်အောင်မျိုးခန့်နှင့် ပြေးခုန်ပစ် အားကစားနည်းမှ မခင်မာဆယ်တို့အားလည်းကောင်း ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ခဲ့သည်။

ယင်းနောက် ဆုရရှိသူများကိုယ်စား  ရိုးရာခြင်းအားကစားနည်းတွင် ရွှေတံဆိပ်နှစ်ခုရရှိခဲ့သည့် မစုတွယ်တာနှင့် ပိုက်ကျော်ခြင်းအားကစားနည်း အုပ်ချုပ်သူ ဦးရဲဝင့်ထွဋ်တင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ဆုရရှိသူ အားကစားသမားများ၊ အုပ်ချုပ်သူနှင့် နည်းပြများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြား ခဲ့သည်။

နေပြည်တော်ကောင်စီအနေဖြင့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းမှ အားကစားသမားများအား ရွှေတံဆိပ်ဆုအတွက် ငွေကျပ်(၁၀)သိန်း၊ ငွေတံဆိပ်ဆုအတွက် ငွေကျပ်(၇)သိန်း၊ အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် နိုင်ငံ့ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားများအတွက် ငွေကျပ်(၅)သိန်းကို ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ် စက်မှုလယ်ယာထွန်းစက်စခန်းသို့သွားရောက်ပြီး သစ်ပင်စိုက်ပျိုးနိုင်ရင် စက်ကိရိယာဖြင့် ကျင်းတူးနေမှု သရုပ်ပြသခြင်းအခြေအနေနှင့် စခန်းဝန်းအတွင်းထားရှိသော လယ်ယာသုံးစက် ကိရိယာပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကာ လိုအပ်သည်များကိုမှာကြားပြီး ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများသည်  စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)​‌ကျောင်း၌ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့လာရောက် လေ့လာကြည့်ရှုနေကြသည့် မြို့နယ်ရှစ်မြို့နယ်မှ တောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း(မှန်လေးမှန်) စနစ်များ စနစ်တကျ လိုက်နာစိုက်ပျိုးရန်၊ ခေတ်မှီစက်ကိရိယာဖြင့် အထွက်နှုန်းတိုးတက်စေရန်၊ ယခုပြသထားသော စက်ကိရိယာ၊ မျိုးနှင့်နည်းစနစ် ပညာပေးမှုများကို သေချာလေ့လာမှတ်သား၍ စိုက်ပျိုးထုတ်ကုန်များ တိုးတက်စေရန် ကြိုးစားကြစေလိုကြောင်းဖြင့်  ရင်းရင်းနှီးနှီးတွေ့ဆုံ ပြောကြားခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်ရှိ ပတ္တာကန် သဲနုန်းများတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ဇော်က ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးတင်ဦးလွင်နှင့်အဖွဲ့သည် ပျဉ်းမနားမြို့ မြို့မိမြို့ဖများနှင့်အတူ ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် ရေလယ်ဘုရားကျောင်းဆောင် ဖောင်ဒေးရှင်း ကွန်ကရစ်လောင်းခြင်းပြီးစီးမှုနှင့် ဆက်စပ်လုပ်ငန်းများ၊ ဘုရားကျောင်းဆောင်သို့ လျှောက်လမ်း တည်ဆောက်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများ အချိန်မီ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)