မိုင်းဖြတ်မြို့နယ်၊ လကတ်ကျေးရွာ၌ အသိပညာပေးဟောပြောပွဲနှင့် ဒေသကြက်များ ထောက်ပံ့ပေးအပ်

မိုင်ဖြတ် ဇွန် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အသိပညာပေးဟောပြောပွဲ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဒေသကြက် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆီမွန်းကျေးရွာ အုပ်စု၊ လကတ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြိုနယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းက မိမိတို့ဦးစီးဌာန၏ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသည့် မိဘပြည်သူများသို့ လက်တလောသက်သာချောင်ချိရေးအတွက် ထောက်ပံ့ပေးအပ်မှု အခြေအနေများနှင့် သဘာဝဘေးအန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်ကြုံတွေ့ရပါက လိုက်နာဆောင်ရွက်ရန် အချက်များကို ရှင်းလင်းပညာပေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  ဒေါက်တာထွန်းဇော်ဝင်းက ကျေးရွာနေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဘိန်းအစားထိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် ဒေသကြက်ဖြန့်ဖြူးပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကြက်မွေးမြူရေးနည်းစနစ်အကြောင်း  သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဒေါက်တာထွန်းဇော်ဝင်းက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့်   ကျေးရွာနေပြည်သူ ၁၀ဦးအား တစ်ဦးလျှင် ကြက်(၅)နှုန်းဖြင့် ဒေသကြက်အကောင်(၅၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)