မအီ ဇွန် ၂၅
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အများပြည်သူ စားသုံးသူများ နစ်နာမှုမရှိစေရေး၊ ရောင်းချသူဈေးသူဈေးသားများအနေဖြင့် မှန်ကန်သည့် အချိန်အတွယ်များဖြင့် ရောင်းချမှုရှိစေရေးတို့အတွက် မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးညီညီလွင်နှင့်ဝန်ထမ်းများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက မြို့မကိုယ်ထူကိုယ်ထဈေးအတွင်း၌ အသံချဲ့စက်ဖြင့် အသိပေးကြေညာခဲ့သည်။
ထိုသို့ ဈေးသူဈေးသားများသိရှိစေရန် အသိပေးကြေညာရာတွင် မအီမြို့၊ မြို့မကိုယ်ထူကိုယ်ထဈေးအတွင်းရှိ ဈေးရောင်းချနေသော ဈေးသည်များအနေဖြင့် အများပြည်သူများစားသုံးရန်အလို့ငှာ ရောင်းချကြသည့် သားငါးများ၊ ဟင်းသီးဟင်းရွက်များနှင့် စားကုန်ပစ္စည်းများကို ရောင်းချရာတွင် မမှန်ကန်သည့် အလေး၊ တင်းတောင်း၊ ဓာတ်ခဲ၊ အုတ်ခဲ၊ ကျောက်ခဲများဖြင့် ရောင်းချနေကြသည်ကို စိစစ်တွေ့ရှိရကြောင်း၊ သို့ဖြစ်၍ ယခုချိန်တွယ်ရောင်းချလျက်ရှိသည့် ဓာတ်ခဲ၊ အုတ်ခဲ၊ ကျောက်ခဲများကို ယခု လကုန်ရက်နေ့မှစတင်၍ ရောင်းချခြင်းမပြုရန် တားမြစ်လိုက်ကြောင်း၊ အဆိုပါ ဓာတ်ခဲ၊ အုတ်ခဲ၊ ကျောက်ခဲနေရာတို့တွင် မှန်ကန်သည့်ကီလိုခွက်ဖြင့် အစားထိုးရောင်းချရမည်ဖြစ်ကြောင်းတို့ကို မအီမြို့၊ မြို့မကိုယ်ထူကိုယ်ထဈေးအတွင်း၌ အသိပေးကြေညာခဲ့ကြောင်း သိရသည်။
အကယ်၍ အသိပေးကြေညာချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပျက်ကွက်ပါက ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)