ရန်ကုန် ဇွန် ၂၅
၂၀၂၃ ခုနှစ် ဇွန် ၂၅ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာသင်္ဘောသားများနေ့ (DAY OF THE SEA FARERS) အထိမ်းအမှတ်အခမ်းအနားကို ယနေနံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်ရုံခန်းတွင် ကျင်းပရာကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်၊ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဟုတ်စွမ်နှင့် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဖဲကြိုးဖတ်ဖွင့်လှစ်ပေးခဲ့သည်။
ထိုနောက်အပြည်ပြည်ဆိုင်ရာ သင်္ဘောသားများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပရခြင်းအကြောင်းကို မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဟုတ်စွမ်က ရှင်းလင်းပြောကြားပြီး၊ နာယကများကိုယ်စား နာယကဦးစိုးလွင်မှ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီးအခမ်းအနားတက်ရောက်လာကြသည့် သင်္ဘောသားများက အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် (IMO) အထွေထွေအတွင်းရေးမှူးပြောကြားသည့် ဗီဒီယိုအား ပရိုဂျက်တာဖြင့် ကြည့်ရူခဲ့ကြသည်။
ယင်းနောက်သက်ကြီးကျန်းမာရေးကူညီစောင့်ရှောက်မှုလုပ်ငန်းကော်မတီ၏ထာဝရပဒေသာရန်ပုံငွေအတွက် မြန်မာ့စက်မှုဆိပ်ကမ်း(MIP)မှ ငွေကျပ်သိန်းတစ်ရာနှင့် အခြားအလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ဒုတိယဥက္ကဋ္ဌ ဦးဟုတ်စွမ်နှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ ဆက်)