မြင်းခြံ ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနမှ မြင်းခြံမြို့နယ် ဂျုပ္ပင်ကျေးရွာရှိ တောင်သူ ဦးဇော်လွင်၏ လယ်မြေ (၂) ဧကတွင် မိုးရာသီ တိရစ္ဆာန်အစာပင် နေပီယာမြက် သရုပ်ပြစိုက်ပျိုးပွဲကို ယမန်နေ့ နံနက် (၁၁) နာရီ အချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ တိရစ္ဆာန်အစာပင်နေဗီယာမြက်သရုပ်ပြစိုက်ပျိုးခြင်းဖြင့် "လွှတ်ကျောင်းစနစ်မှ အစာကျွေးစနစ်မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာစေရန်၊ အစာရှားပါးချိန်တွင် အာဟာရ ကြွယ်ဝသော တိရစ္ဆာန်အစားအစာအဖြစ် ကျွေးမွေးနိုင်စေရန်၊ ပြည်တွင်းကျွဲ၊ နွားမွေးမြူရေး လုပ်ငန်းအတွက် အာဟာရဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းမွန်သော တိရစ္ဆာန်အစာများ ဖူလုံစွာသုံးစွဲနိုင်ကြစေရန်၊ ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့ချနိုင်စေရန်တို့အတွက် ရည်ရွယ် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ တိရစ္ဆာန်အစာပင်နေဗီယာမြက်တွင် အသားဓာတ် (၁၄)မှ (၁၆) ရာခိုင်နှုန်းအထိ ပါဝင်ကာ တစ်ဧကလျှင် ပင်ကြားတန်းကြား သုံးပေခန့်စီဖြင့် အပင်ရေ (၄၄၀၀) ပင် စိုက်ပျိုးနိုင်ပြီး ရှစ်နှစ်သက်တမ်းရှိကြောင်း၊ စတင်စိုက်ပျိုးချိန်မှရက် (၉၀) အတွင်း ရိတ်သိမ်း နိုင်ပြီး တစ်နှစ်လျှင် ငါးကြိမ်အထိ ရိတ်သိမ်းကျွေးမွေးနိုင်ကြောင်း၊ တစ်ဧကအထွက်နှုန်း တန် (၁၀၀) ခန့်အထိ ထွက်ရှိနိုင်ပြီး နွားကောင်ရေ (၁၅)ကောင် (သို့မဟုတ်) ဆိတ်ကောင်ရေ (၁၅၀) ကောင်အထိ အစာဖူလုံစွာကျွေးမွေးနိုင်ကြောင်း" မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်ခိုင်ထွေးက ပြောသည်။
ထို့နောက် တက်ရောက်လာသော တောင်သူများထံသို့ နေပီယာမြက်မျိုးများ ဖြန့်ဝေပေးပြီး၊ တိရစ္ဆာန်အစာပင်(နေပီယာမြက်)များ သရုပ်ပြစိုက်ပျိုးခြင်းနှင့် စိုက်ပျိုးရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကျော်စွာ(ပြန်/ ဆက်)