မူဆယ် ဇွန် ၂၅
မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၏ လမ်းညွှန်မှုဖြင့် စာဖတ်ဝါသနာရှင်များ စာဖတ်ရှိန်မြှင့်တင်ရေး၊လူငယ်များ စာပေနှင့်ရင်းနှီးထိတွေ့မှု တိုးပွားလာရေးနှင့် စာပေစကားဝိုင်းများ ပိုမိုပြုလုပ်ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ ရှမ်းပြည်နယ်အစိုးရဧည့်ရိပ်သာတွင် ယနေ့ နံနက် (၉း၃၀)အချိန်က အကြိမ်(၇၀)မြောက် စာပေ ချစ်မြိတ်နိုးသူများ၏ စာပေစကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ စာပေစကားဝိုင်းတွင် မူဆယ်မြို့၊စာရေးဆရာ ဦးမျိုးခိုင်က စာပေစကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊လူငယ်လူရွယ်များ နောင်အနာဂတ်အတွက် စာအုပ်စာပေများ ပိုမိုလေ့လာဖတ်ရှုသင့်ကြောင်းနှင့် စာပေစကားဝိုင်းများ ကျင်းပဆောင်ရွက် နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာသော စာပေချစ်မြတ်နိုးသူတစ်ဦးဆီချင်းဆီက“မျိုးဆက်သစ် တိုးတက်ခေတ်မီဖို့အတွက် ဘာတွေလိုအပ်မလဲ” ခေါင်းစဉ်အောက်တွင် လူငယ်နှင့်စာဖတ်ခြင်း ၊လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်အားကစား၊ အသိပညာဗဟုသုတ တိုးတက်မြှင့်မားရေးအတွက် စာကြည့်တိုက်များလိုအပ်ကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် စာများများဖတ်သင့်ကြောင်း၊ စည်းကမ်းလိုက်နာမှုနှင့်စည်းလုံးညီညွတ်ရေး၊ စိတ်အပန်းဖြေစေရန် ခရီးထွက်သင့်ကြောင်း၊ ရိုးသားကြိုးစားပြီး ဘာသာရေးလိုက်စားရန်နှင့် ပရဟိတစိတ်မွေးမြူတတ်စေရန် စသည့်အကြောင်းအရာများကို ပြောကြားဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူ စာပေချစ်မြတ် နိုးသူများကလည်း အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြကြောင်းသိရပါသည်။
အဆိုပါအကြိမ်(၇၀)မြောက် စာပေချစ်မြတ်နိုးသူများ၏ စာပေစကားဝိုင်းတွင် စာဖတ်ဝါသနာရှင် ကျောင်းသား/ သူများ၊ ဌာနဆိုင်ရာစာပေချစ်မြတ်နိုးသူများ၊ ပရဟိတစာဖတ်ဝါသနာရှင်များ၊ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ ဆက်)