ပင်လောင်း ဇွန် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြောက်ထီဗွာ ကျေးရွာအုပ်စု၊ ကောင်ထိုကျေးရွာ ကိုယ်ထူကိုယ်ထ ကျေးလက် ကျန်းမာရေးဌာနခွဲဆေးခန်း အဆောက်အဦဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြုလုပ်သည်။
အခမ်းအနားတွင် နောင်တရားတိုက်နယ်ဆေးရုံ တိုက်နယ်ဆရာဝန် ဒေါက်တာဆုယဉ်တြာက ကောင်ထိုကျန်းမာရေးဌာနခွဲနှင့် ပတ်သက်သည့် အချက်အလက် များကို ရှင်းလင်းပြောကြားပြီး၊ ကျန်းမာရေးဌာနခွဲ ကျန်းမာရေးကော်မတီ ဦးဇော်ဝမ်းနှင့် ရပ်မိရပ်ဖ ဦးထွန်းအေးတို့က ကျေးဇူး တင်စကား ပြန်လည် ပြောကြားကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ညီညီမင်း၊ မြို့နယ်ရဲတပ်မှူး ရဲမှူး ဇော်ဝင်းနိုင်၊ ဒေါက်တာဆုယဉ်တြာ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းတို့က ကျန်းမာရေးဌာနခွဲဆေးခန်း အဆောက်အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများက ကျန်းမာရေးဌာနခွဲအတွင်း လှည့်လည်ကြည့်ရှုခြင်း၊ ကျန်းမာရေးဌာနခွဲ ဆိုင်းဘုတ်အား အမွှေးနံ့သာရေပက်ဖျန်းပေးခြင်းနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။
အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲသည် လဲလောင်း၊ ကောင်ထို၊ ထီယွန်း၊ ထီယွန်း(တ)၊ ထီယွန်း (မ) ကျေးရွာ(၅)ရွာရှိ ပြည်သူ (၇၀၀၀)ကျော်အား ကျန်းမာရေးကုသစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်