ပုဇွန်တောင် ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင် နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် အသိပညာပေး ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မူးယစ် ဆေးသုံးစွဲခြင်းကြောင့် ဆေးလိပ်၊ ကွမ်းမှ အစ စမ်းသပ်မသုံးဆွဲကြရန်၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အဓိက အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲ ခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် နောက်ဆက်တွဲရောဂါဖြစ်သည့် (HIV/AIDS) ရောဂါ အကြောင်းများ ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသူများက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် ဗဟုသုတရဖွယ် သုတ/ရသစာအုပ်များကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သား ကြည့်ရှုခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်