ပူတာအို ဇွန် ၂၄
ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးဆိုးကျိုးများကိုသိရှိပြီးမူးယစ်ဆေးဝါးအန္တရာယ်ရှောင်ရှားတတ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးလာစေရန်နှင့်လူငယ်များနှုတ်မှု စွမ်းရည်များတိုးတက်လာစေရန်အတွက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲကို ဇွန်(၂၃)ရက် မွန်းလွဲ (၁)နာရီအချိန်က ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက “လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး အထက(ပူတာအို)ကျောင်း အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၆)ဦးတို့က မူးယစ်ရန်ဆွယ်တို့ ကာကွယ်၊ ရှောင်လေဝေးဝေး မူးယစ်ဆေး၊လူငယ်နှင့် မူးယစ်ဆေးဝါး၊ အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်ဆေးဝါး ကာကွယ်စို့၊မူးယစ်ဆေးဝါး အတူတကွတိုက်ဖျက်စို့၊ ကောင်းကျိုးမပေး မူးယစ်ဆေး၊ မူးယစ်ဆေးဝါး တို့ရှောင် ရှားစသည့် ခေါင်းစဉ်များကို မဲနှိုက်ကာ မဲပေါက်သည့်ခေါင်းစဉ်ဖြင့်ပါဝင်ယှဉ်ပြိုင်ကြသည်။
ထို့နောက် ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာ၊ ဦးစီးအရာရှိ ဦးစိုးမိုးနိုင်နှင့်အမှတ်ပေးဒိုင်လူကြီး ဆရာမများက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရပြိုင်ပွဲနှစ်ဦးအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသူကျောင်းသားများက စာအုပ်စာစောင်ပြပွဲ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိ ပညာပေးနံရံကပ်စာစောင်များကိုကြည့်ရှုလေ့လာခဲ့ကြကာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ကျောင်းသားကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကိုဖြန့်ဝေးပေးခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)