ထန်းတပင်မြို့နယ်၌ မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မိုးစပါးလက်တွေ့ စိုက်ပျိုးပြသကာ သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်

ထန်းတပင်(ရန်ကုန်) ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများ စပါးစိုက်ပျိုးရာတွင် လုပ်အား ကုန်ကျမှုစရိတ်များနှင့် မျိုးစေ့နှုန်းထား ကုန်ကျမှုစရိတ်များ သက်သာစေရန်အတွက် ဇွန်လ(၂၃)ရက်နေ့၊ နံနက်ပိုင်းက မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးလက်တွေ့ စိုက်ပျိုးပြသကာ သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧက(၁၅၀)အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် ရေဖြူကျေးရွာ အုပ်စု၊ အုတ်ဖို ကျေးရွာကွင်းတွင် ကျင်းပပြုလုပ်သည်။

မျိုးစေ့ချကိရိယာ (Seeder)ဖြင့် မိုးစပါးလက်တွေ့ စိုက်ပျိုးပြသပွဲတွင်လည်း မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ခု၊ မိုးစပါးရာသီစံပြကွက် စိုက်ပျိုးသည့် တောင်သူများအား သွင်းအားစုပစ္စည်း များကို ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံတောင်သူများကို မျိုးစေ့ချကိရိယာ (Seeder)ဖြင့် မိုးစပါးကို လက်တွေ့ စိုက်ပျိုးပြသပေးသည်။

မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စပါးစိုက်ပျိုးရာတွင် အတန်းလိုက် စိုက်ပျိုးသည့် စနစ်ဖြစ်သည့်အတွက် လေဝင်လေထွက်ကောင်းမွန်ကာ ပိုးမွှားရောဂါကို အလွယ်တကူ ကာကွယ်နိုင်ခြင်းနှင့် စပါးအထွက်နှုန်းများလည်း တိုးတက်လာစေမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)