ဥတ္တရခရိုင်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ


ဥတ္တရသီရိ    အောက်တိုဘာ ၉


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် ၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ဥတ္တရခရိုင်၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပသည်။

အစည်းအဝေးတွင်  ဥတ္တရခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးလှသန်းက အဖွင့်အမှာစကား ပြောကြားပြီး ဥတ္တရခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးကျော်စွာဦး က ဆွေးနွေးရာတွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီသည် မဲဆွယ် စည်းရုံးရေးကာလ အတွင်း လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ပါတီများနှင့် ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအကြား  အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အဆင့်ဆင့် လုပ်ငန်း လက်စွဲနှင့်အညီ အချိန်တိုအတွင်း လွယ်ကူလျှင်မြန်စွာ ဖြေရှင်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဥတ္တရခရိုင်၊ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများမှ ပါတီကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလလွတ်တော် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များနှင့် ဩဇာတိက္ကမ ရှိသူများမှ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အလှည့်ကျဆွေးနွေးခဲ့ကြပြီး ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌမှ နိဂုံးချုပ် အမှာစကား ပြောကြား၍ အစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကပ်ထားကြေညာ ပေးသွားမည်ဖြစ်ပြီး ဥတ္တရခရိုင်အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူဦးရေ (၄၀၃၂၁၁)ဦးနှင့် လျာထားမဲရုံပေါင်း (၃၃၆)ရုံရှိကြောင်း ဥတ္တရခရိုင်၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

အောင်ကို(ပြန်/ဆက်)